Tuesday, 26 May 2009

ကွမ်ဂျူးစိတ်ဓာတ် အဓွန့်ရှည်ပါစေ

ဆောင်းပါး
ငြိမ်းဝေ
အင်္ဂါနေ့၊ မေလ 26 2009 13:54 - မြန်မာစံတော်ချိန်


(က)

၂၀ ရာစုရဲ့ အမြီးပိုင်းကို မြန်မာတွေ၊ တရုတ်တွေ၊ ကိုရီးယားတွေက သွေးနဲ့ သုတ်လိမ်းခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၈ဝ ခုနှစ်ထဲမှာ တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျူးမြို့ အရေးအခင်း၊ ၁၉၈၈ ခု မြန်မာပြည်က လူထုအရေးတော်ပုံ၊ ၁၉၉၉ ခု တရုတ်ပြည်၊ တီယံနန်မင် ရင်ပြင်ပေါ်က တရုတ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲ...။ ဒီအဖြစ်အပျက် ၃ ခုစလုံးရဲ့ တူညီတဲ့အချက်က `ဒီမိုကရေစီကြိုးပမ်းမှု´ ဆိုတဲ့ အချက်ပါပဲ။ ဒီတုန်းက သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အစိုးရတွေက အကြမ်းဖက်ဖြိုခွင်းလို့ ဒီအရေးတော်ပုံ ၃ ခုစလုံး ပြိုကွဲကျဆုံးခဲ့ရတာလည်း မှန်ပါတယ်။ ဒီအဖြစ်အပျက် ၃ ခုဟာ ၂၀ ရာစု အမြီးပိုင်းကို သွေးချင်းချင်း နီစေခဲ့တဲ့ လူထုအရေးတော်ပုံတွေပါပဲ။

ဒီနိုင်ငံ ၃ နိုင်ငံအနက် တောင်ကိုရီးယားက လွဲပြီး ကျန်တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံအဖို့ အရေးတော်ပုံ ၂ ခုမှာ ကျခဲ့တဲ့ သွေးတွေ မခြောက်သွေ့သေးပါဘူး။ တောင်ကိုရီးယား နိုင်ငံကျတော့ ၁၉၈ဝ - မေလ - ကွမ်ဂျူးမြို့ ဒီမိုကရေစီအရေးတော်ပုံရဲ့ အိပ်မက်တွေဟာ အခုဆိုရင် လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျဆုံးခဲ့ကြတဲ့ ဒီမိုကရေစီ သူရဲကောင်းတွေကို ကမ္ဘာထိ ထိုက်ထိုက်တန်တန် ဂုဏ်ပြုမှတ်တမ်းတင်ခွင့်နဲ့ ဒီတုန်းက အရေးတော်ပုံကြီးကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းဖို့ အမိန့်ပေးခဲ့ကြတဲ့ တောင်ကိုရီးယားစစ်တပ် စစ်အာဏာရှင်တွေကိုလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးနိုင်ခဲ့ကြပါတယ်။ ဒါဟာ ကိုရီးယားလူမျိုးတွေရဲ့ ဒီမိုကရေစီအိပ်မက်တွေထဲက လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ အခြေခံအချက် နှစ်ချက်ပါပဲ။ ဒါကြောင့်မို့ ကွမ်ဂျူးမြို့ အရေးတော်ပုံမှာ ကျခဲ့ရတဲ့ ကိုရီးယားပြည်သူတွေရဲ့ သွေးတွေဟာ အခုတော့ ခြောက်သွေ့နိုင်ခဲ့ပြီလို့  ပြောလို့ရပါတယ်။

ဒီ ၃ နိုင်ငံစလုံး ..... ၊ ဒီတုန်းက အစိုးရအာဏာပိုင်တွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေဟာ လူသားရဲ့ ဂုဏ်သိက္ခာပိုင်းက ကြည့်ရင် ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ ဒီ ၃ နိုင်ငံအနက် မြန်မာနဲ့ တောင်ကိုရီးယား အာဏာပိုင် ဗိုလ်ချုပ်တွေရဲ့ ပြဿနာဖြေရှင်းပုံတွေဟာ တရုတ်ထက်တောင်မှ ပိုပြီး မိုက်တွင်းနက်ပုံ ရပါတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းက အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်တယောက် အနေအထားထက်၊ ကိုလိုနီခေတ်က တောသူကြီးသား တယောက်ရဲ့ အကျင့်စရိုက်မျိုးနဲ့ပဲ ဖြေရှင်းခဲ့ပါတယ်။ ဒီ ၃ နိုင်ငံအနက် တရုတ်အာဏာပိုင်တွေရဲ့ ဖြေရှင်းနည်းက ရက်စက်တာချင်း တူပေမယ့် သူတို့က ပိုပြီး ပညာသားပါတယ်။

ဥပမာ - ၁၉၈၉ ခု၊ တီယံနန်မင် ရင်ပြင်မှာ တရုတ်ကျောင်းသားတွေ ဆန္ဒပြကြတော့ ကျောင်းသား ခေါင်းဆောင်တွေကို တရုတ်အစိုးရ အမြင့်ဆုံး အာဏာပိုင်တွေက လက်ခံတွေ့ဆုံ စကားပြောတာမျိုးအထိ လုပ်ခဲ့ပါတယ်။ ဒီတုန်းက တရုတ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် `ကျန်ဇီမင်း ´ လို ပုဂ္ဂိုလ်မျိုးက ကျောင်းသား ခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး လက်ခံစကား ပြောခဲ့ဖူးပါတယ်။ ဒီအချက်က ဒီ ၃ နိုင်ငံ အစိုးရတွေထဲမှာ တရုတ်အစိုးရက ပိုပြီး ပညာပါခဲ့တဲ့ အချက်ပါပဲ။ ကျန်တဲ့ ကိုရီးယားနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေကတော့ တရုတ်တွေလောက်တောင် မပါးနပ်ခဲ့ပါဘူး။ အကြမ်းဖက်ဖြေရှင်းတဲ့ နည်းတခုထဲကိုပဲ ကိုင်စွဲသွားခဲ့ကြပါတယ်။

အခုဆိုရင် တရုတ်ကျောင်းသားတွေ၊ တရုတ်ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ဝေးနေတုန်းပါပဲ။ ၁၉၈၉ ဇွန်လမှာ ကျခဲ့ရတဲ့ တရုတ်ပြည်သူတွေရဲ့ သွေးဟာ အခုထက်ထိ စိုနေတုန်းပါပဲ။ ဒီလိုပါပဲ၊ ၁၉၈၈ သြဂုတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ကျခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ သွေးဟာ အခုအချိန်ထိ ဆက်လက်သွေးချောင်းစီးနေတုန်းပဲ။ တောင်ကိုရီးယား ပြည်သူတွေကျတော့ ကံကောင်းတယ်။ ဒီမိုကရေစီအစိုးရတွေ ထူထောင်ပြီး ၁၉၈ဝ ခုနှစ် မေလအတွင်းက ကျခဲ့ရတဲ့ ကွမ်ဂျူး အရေးတော်ပုံ ပြည်သူတွေရဲ့ သွေးကို တိတ်သွားအောင်၊ ခြောက်သွေ့သွားအောင် လုပ်နိုင်ခဲ့ကြတယ်။

အခုဆိုရင် တောင်ကိုရီးယား ပြည်သူတွေဟာ နိုင်ငံတကာ ဒီမိုကရေစီရေး ကြိုးပမ်းသူတွေကို ထောက်ခံရုံတင်မက အားပေးကူညီမှုတွေကိုတောင်မှ လက်တွေ့ကျကျ ဆောင်ရွက်လာနိုင်ခဲ့ကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွက် ကမ္ဘာ့ လူ့အခွင့်အရေး တိုက်ပွဲဝင်ဆုအဖြစ် မြန်မာ့ကျောင်းသား ခေါင်းဆောင် `မင်းကိုနိုင်´ ကို `ကိုရီးယား ဒီမိုကရေစီဖောင်ဒေးရှင်း´ က ဆုချီးမြှင့်တဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားပြည်သူတွေက မြန်မာပြည်သူတွေကို ကူညီရိုင်းပင်းလိုက်တဲ့ သဘောပါပဲ။ ဒီမိုကရေစီ ရရှိပြီးဖြစ်တဲ့ ကိုရီးယား ပြည်သူတွေက ဒီမိုကရေစီနဲ့ ဝေးနေသေးတဲ့ စစ်အာဏာရှင် လက်အောက်က မြန်မာပြည်သူတွေကို ထောက်ခံကူညီအားဖြည့်လိုက်တဲ့ သဘောပါပဲ။

အခု ၂ဝဝ၉ ခုနှစ်၊ မေလ ၁၈ ရက်နေ့ဆိုရင် တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျူးမြို့  ဒီမိုကရေစီ အရေးတော်ပုံရဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကိုရီးယား ကဗျာဆရာ "Kim-Jun Tae´ ရဲ့ ''Ah, Kwangju! Korea's Cross! " ကဗျာကို ဘာသာပြန်ဖော်ပြပြီး၊ ကိုရီးယားပြည်သူတွေကို ဂုဏ်ပြုလိုက်ပါတယ်။


ကိုရီးယားလမ်းဆုံ (သို့) ကွမ်ဂျူး

အို ... ကွမ်ဂျူး၊ မူဒေါင်တောင်မဟာ

ငါတို့ရဲ့ နုပျိုသစ်လွင်တဲ့ မြို့တော်

သင်ယာ ... ငါတို့ကို

သေခြင်းတရားနဲ့ သေခြင်းတရားကြားက

ဆိုးဝါးလှတဲ့ မျက်ရည်တွေကို သုတ်စေခဲ့တယ်။

ငါတို့ဖခင်တွေ ဘယ်ဆီရောက်ကုန်ပြီလဲ

ငါတို့မိခင်တွေ ဘယ်နေရာမှာ လဲကျခဲ့ရပြီလဲ

ငါတို့သားတွေ ဘယ်နေရာမှာ သေဆုံးခဲ့ရတာလဲ၊ ဘယ်မှာမြှုပ်နှံခံခဲ့ရသလဲ၊

ပြီးတော့ ... ငါတို့ရဲ့ သမီးပျိုတွေ

ပါးစပ်အဟောင်းသားနဲ့ ဘယ်မှာ လဲလျောင်းနေခဲ့ရပြီလဲ၊

ငါတို့ စိတ်ဓာတ်တွေ

တစစီ မွချေရိုက်ချိုး ဖျက်ဆီးခံခဲ့ရတဲ့နေရာ ...။


ကွမ်ဂျူး ..။

ဘုရားသခင်နဲ့ ငှက်တွေရဲ့

မျက်ကွယ်ပြုခြင်းခံရ

လူသားရဲ့ စစ်မှန်တဲ့ ဂုဏ်သိက္ခာသည်သာ

ကြွင်းကျန်ရစ်တဲ့နေရာ

လဲကျ ... ယိမ်းယိုင် ... တဖန်ပြန်လည်ထမြောက်

ငါတို့ရဲ့ သွေးစွန်းတဲ့ မြို့တော်။

အို .. ဥတ္တရဖီးနစ်ငှက် .. ဖီးနစ်ငှက် .. ဖီးနစ်ငှက်

ဘာတခုမျှ မကျန်ရှိတော့သည့်တိုင်

သေခြင်းတရားကို သေခြင်းတရားအတွင်း နှိမ်နင်းဖို့ရာ

ဘဝကို သေခြင်းတရားအတွင်း ရှာဖွေဖို့ရာ

သင် .. စိတ်အားထက်သန်ခဲ့တယ်။

အခုဆိုရင်

´နေ´နဲ့ ´လ´သည်လည်း

တောင်ထိပ်ကတဆင့် ဆင်းလာခဲ့ပြီ

ဟောဒီခေတ်ရဲ့ တောင်တွေ အားလုံးသည်လည်း

မိုးထိမက မြင့်မားလာခဲ့ပြီ

လွတ်မြောက်ရေး အလံတော်သည်လည်း

မည်သူတဦးတယောက်မျှ ဆုပ်ဖြဲခြင်းငှာ မစွမ်းခဲ့ပြီ

လူ့ဂုဏ်သိက္ခာ အလံတော်ကိုလည်း

ငါတို့ အသွေးအသားနဲ့ ရက်လုပ်ခဲ့ကြပြီးပြီ။

အို ... ငါတို့ရဲ့ မြို့တော်

တခါတရံမှာ

ငါတို့ရဲ့ တေးသီချင်းတွေ၊ အိမ်မက်တွေ၊ ချစ်ခြင်းမေတ္တာတွေဟာ

ရေလှိုင်းများပမာ အလူးအလိမ့် ဖြစ်ခဲ့ကြရ

တခါတရံ သာမန်အုတ်ဂူအတွင်း သွပ်သွင်းခံကြရ၊

အို .. ကွမ်ဂျူး ... ကွမ်ဂျူး

မူဒေါင်တောင်မဟာကို ကျော်ပြီး

ဂိုလ်ဂိုသာရဲ့ တောင်ကုန်းကို ကျော်ပြီးတဲ့အခါ

ဒီနိုင်ငံရဲ့ သမိုင်းရေးရာ လမ်းဆုံလမ်းကွေ့ကို ပြနိုင်ခဲ့ပြီ

အို .. အဖဘုရားသခင်ရဲ့ သားတော်

ဒဏ်ရာနဲ့ သေခြင်းတရားမှအပ အခြားမရှိပြီ။

ငါတို့ အမှန်တကယ်ပဲ သေဆုံးခဲ့ကြပြီလား

ဒီနိုင်ငံကို သည့်ထက်ပိုပြီး မချစ်နိုင်ကြတော့ပြီလား

ငါတို့သားသမီးတွေကို သည့်ထက်ပိုပြီး မချစ်နိုင်ကြတော့ပြီလား

ငါတို့ သေဆုံးခဲ့ကြပြီလား

ငါတို့ တကြိမ်မက ကြိမ်ဖန်များစွာ သေဆုံးခဲ့ကြပြီလား။

´ချွန်ယန်နိုင်´ရဲ့ လမ်းတွေထဲမှာ

´ကွန်နန်နိုင်´ရဲ့ လမ်းတွေထဲမှာ

အိမ်နားနီးချင်းတွေ ဖြစ်ကြတဲ့

´ဟွာရောင်ဒေါင်´´စန်စုဒေါင်´ ယန်ဘောင်ဒေါင်´ရဲ့ လမ်းတွေထဲမှာ

ပြီးတော့ ... တခြားနေရာများစွာ ... များစွာမှာ

အို ... ရိုက်ချိုးဖျက်ဆီးခံရတဲ့ ငါတို့ရဲ့ အသွေးအသားတွေပေါ်မှာ

လေက ... ကတော့ထိုးပြီး တိုက်ခတ်လေရဲ့။

ဒီကနေ့မှာ

ငါတို့

လဲကျခြင်း လဲကျခြင်းနဲ့ မျက်ရည်သုတ်ခြင်းအလုပ်ကိုပဲ

လုပ်ကြရဖို့ ရှိသလား

ထိတ်လန့်ကြောက်ရွံ့ခြင်းနဲ့

ဘဝမှာ ဘာတခုမျှ လုပ်စရာမရှိဘဲ

ဒီအတိုင်း အသက်ရှူရပ်တည်ကြရတော့မှာလား။

အို ... အသက်ရှင် ကြွင်းကျန်ရစ်သူတို့

သင်တို့ရဲ့ ဦးခေါင်းတွေကို

ဘာ့ကြောင့်များ သူဖုန်းစားများပမာ

ဦးညွှတ်ထားခဲ့ကြသလဲ။

ချစ်လှစွာသော ရဲဘော်တို့

ငါ ... သင်တို့ကို စောင့်နေတယ်

ငါ လဲကျသေဆုံးခဲ့ရာ ဂိတ်ဝတံခါးမှာ ငါစောင့်နေတယ်၊

ဘာကြောင့်များ ငါ့ဘဝကို သူတို့ လုယူသွားပါလိမ့်

ငါတို့ ပိုင်ဆိုင်သမျှ ငှားရမ်းထားတဲ့ အခန်းကျဉ်းလေးမျှသာ ဖြစ်သည့်တိုင်

ငါတို့ ဘယ်လောက် ကျေနပ်ဝမ်းမြောက်ခဲ့ရသလဲ၊

သင့်ကို ငါ ဂရုတစိုက် စောင့်ရှောက်ချင်စမ်းပါဘိ

အို ... ချစ်စွာသော ရဲဘော်

သင့်ကလေးတွေကို ငါ့ရင်မှာ အပ်ပြီးမှ

ငါ ... သေပွဲဝင်ခဲ့တာပ

ငါကြေကွဲမိပေါ့

ငါ့ဘဝကို သူတို့ လုယူသွားကြ

ဒါကြောင့်မို့ နောက်ဆုံးမှာ

ဒင်းတို့ကို ငါသတ်မယ်

ဒင်းတို့ကို ငါ...သတ်ကိုသတ်ရမယ်

ဒင်းတို့ရဲ့ ပျိုရွယ်တဲ့ ဘဝ၊ ဒင်းတို့ရဲ့ ချစ်ခြင်းမေတ္တာ

ဒင်းတို့ရဲ့ သားသမီး၊ ဒင်းတို့ရဲ့  ဒင်းတို့ရဲ့ .....၊

အို ... ချစ်သော ရဲဘော်တို့ ... ။

အို .... ကွမ်ဂျူး။ မူဒေါင်တောင်မဟာ

သင်ဟာ သေခြင်းနဲ့ သေခြင်းတရားအတွင်း

ချဉ်းနင်းထိုးဖောက်ရောက်ခဲ့ပြီ၊

ငါတို့ရဲ့ နုပျိုသစ်လွင်တဲ့ မြို့တော်

အဖြူရောင်ဝတ်စုံကို အလျင်အမြန် ဝတ်ဆင်လော့

အို .... ဖီးနစ်ငှက် .... ဖီးနစ်ငှက် .... ဖီးနစ်ငှက်

ဂိုလ်ဂိုသာရဲ့ တောင်ကုန်းကို

နောက်တကြိမ် ထပ်မံကျော်လွှားနိုင်ခြင်း

ဒီနိုင်ငံရဲ့ သမိုင်းရေးရာ လမ်းဆုံလမ်းကွေ့ရဲ့ ပြယုဂ်ဖြစ်စေလော့။

ယေရရှုခရစ်တော်

တကြိမ်မက ပျံလွန်တော်မူခဲ့ရ

တကြိမ်မက ပြန်လည်ရှင်သန်ထမြောက်ခဲ့ရ

ဒါက ဒီကနေ့ အသက်ရှင်ခြင်းနဲ့

ထာဝရရှင်သန်ခြင်းကို ပြဆို

သို့ပေငြား

ငါတို့ရဲ့ စစ်မှန်တဲ့ မေတ္တာများ

အကြိမ်တရာမက သေဆုံးခဲ့ရ

အကြိမ်တရာမက ရှင်သန်ထမြောက်ခဲ့ရ။

ငါတို့ရဲ့အလင်းရောင်

ငါတို့ရဲ့ အောင်ပွဲ

ငါတို့ရဲ့ နာကျင်မှုများ

အခုတော့ ငါတို့ ပိုပြီးရှင်သန်နိုင်ခဲ့ပြီ

ငါတို့ ပိုပြီး သန်စွမ်းလာခဲ့ပြီ

ငါတို့ ပိုပြီး နေထိုင်ရပ်တည်နိုင်ခဲ့ပြီ။

အို .... အခုဆိုရင်

ငါတို့တတွေ

သွေးချင်းဆက် ပခုံးချင်းယှဉ်

ရင်ဘောင်တန်းပြီး ရပ်ကြ

ဒီနိုင်ငံရဲ့ မူဒေါင်တောင်မဟာပေါ်

ငါတို့ တက်ခဲ့ကြ

မြင့်မြတ်တဲ့စိတ်အလျင် အပြာရောင်ကောင်းကင်ထဲ

လေဟုန်စီးကြ

`နေ´ နဲ့` လ´ ကိုလည်း

ငါတို့  နမ်းရှုပ်ပစ်လိုက်ကြ။

ကွမ်ဂျူး၊ မူဒေါင်တောင်မဟာ

အို .... ငါတို့ ရင်ထဲက အောင်လံတော်

အိပ်မက်တွေ ... လမ်းဆုံလမ်းခွတွေ

အချိန်ကာလ တလျှောက်လုံး

အစဉ်အမြဲ နုပျိုနေမယ့် .... ငါတို့ရဲ့ ပျိုရွယ်တဲ့မြို့တော်

အခုတော့

ငါတို့ လုံးဝ သွေးစည်းညီညွတ်ခဲ့ကြပြီ

တကယ့်ကို ခိုင်မြဲစွာ ခိုင်မြဲစွာ

ငါတို့  ......

ချိပ်တွဲထားတဲ့လက်တွေ

လေထဲ မြှောက်ထားလိုက်ကြပေါ့။ ။

ကိုးကား။ ။ Memories of May 1980 စာအုပ်တွင် ပါရှိသည့် တောင်ကိုရီးယား ကဗျာဆရာ Kim Jun-Tae ၏ Ah, Kwangju! Korea's Cross! ကဗျာကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment