Thursday, 21 May 2009

မကောင်း မမြတ်သူတို.ရှေ.ခရီး

ကရင်ပြည်နယ် သံတောင်မြို့နယ် ဘောဂလိကြီးမှာ ရှေ့တန်းရုံးထိုင်ထားတဲ့ နအဖတပ်မအဆင့်ရှိတဲ့ (စကခ လို့ခေါ်တဲ့) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၅) ရဲ့ စကခမှူး (တပ်မမှူး) ဗိုလ်မှူးချုပ် ကောင်းမြတ်ဟာ မေလ (၈) ရက်နေ့မှာ ဘောဂလိကြီးကနေ အရှေ့တောင်ဘက် ဘိုဆာခီးဂွင်က တပ်စခန်းတွေကို လုံခြုံရေးအပြည့်နဲ့ သွားရောက် စစ်ဆေးပြီး ကရင့်တော်လှန်ရေးချေမှုန်းရေး၊ ကရင်လူထုကို လူမျိုးတုံး သန့်စင်သုတ်သင်ရေးကိစ္စတွေ ကွင်းဆင်းညွှန်ကြားခဲ့ပါတယ်။ လမ်းတလျှောက်မှာ မော်သေးတဲစခန်း၊ နော်စိုးစခန်း စတဲ့ စုစခန်း၊ ခွဲစခန်းတွေက လုံခြုံရေးအပြင် အနီးကပ် အတူလိုက်ပါတဲ့ အတွင်းစည်းလုံခြုံရေး ကွန်မန်ဒိုတပ်ခွဲ (၂) ခွဲနဲ့ အပြင်စည်းလုံခြုံရေး လှုပ်ရှားစစ်ကြောင်း (၂) ကြောင်း နယ်မြေနင်း နယ်မြေရှင်းလင်းပြီး ကွင်းဆင်းတာဖြစ်ပါတယ်။

အခုလို လမ်းအရှေ့အနောက် ကွက်ပြည့်နင်း ရှင်းလင်းစိုးမိုးထားလို့ ဟုတ်လှပြီထင်နေတဲ့ တပ်မမှူးကောင်းမြတ်ဟာ
မေ (၁၁) ရက်နေ့မှာ ဘိုဆာခီးစခန်းကနေ ဘောဂလိကြီးကို လူထုဆီက ဇွတ်အတင်း ချောဆွဲထားတဲ့ ကား (၃) စီးနဲ့ ပြန်လာတဲ့အခါ မော်သေးတဲစခန်းနဲ့ နော်စိုးစခန်းကြားမှာ ကားလမ်းဖြတ်ကူးနေတဲ့ ကရင့်အမျိုးသား လွတ်မြောက် ရေးတပ်မတော် တပ်ဖွဲ့ငယ်တဖွဲ့နဲ့ နေ့လယ် (၁၁) နာရီခွဲမှာ နှစ်ဖက်စလုံး မမျှော်လင့်ဘဲ သွားတိုးမိပါတယ်။ တိုးတိုက်ဖြစ်ပေမယ့် ဘဝပေးအတွေ့အကြုံအရ စစ်ရေးစွမ်းရည် စစ်ရေးသတိ ထက်ရှနေရတဲ့ ကရင်တပ်ဖွဲ့ဟာ ကားလမ်းတဖက်တချက် ကတ်တောက်ချ၊ (၁၈) မိုင်း(ရှေ့ထွက်မိုင်း)တွေဆင်ပြီးမှ ကားလမ်းကူးနေတာဖြစ်တဲ့အတွက် အင်အားနည်းပေမယ့် ပိုင်ပိုင်နိုင်နိုင် တိုက်ခိုက်နိုင်တော့ ကားရှေ့ခန်း ဒရိုင်ဘာဘေးက လိုက်လာတဲ့ တပ်မမှူးကြီးဟာ အတူပါလာတဲ့ ရဲဘော် တပ်စိတ်တစိတ်စာလောက်နဲ့အတူ “ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့အတွက် အသက်ပေးလှူ” သွားရပါတော့တယ်။

တပ်မမှူးကောင်းမြတ်ရဲ့ နောက်ဆုံးခရီး ဘယ်လောက် မကောင်းမမြတ်လိုက်သလဲဆိုတော့ သူ့အလောင်း သယ်လာတဲ့ ကွန်ဗွိုင်က နောက်ထပ်ကားတစီး ချောထပ်ဆွဲပြီး ဘောဂလိကို ခရီးဆက်ရာမှာ ရှေ့တန်း စကခ-၅ ဌာနချုပ်တည်ရှိရာ ဘောဂလိကြီးဝင်ခါနီး (၁၅) မိနစ်အလို ညနေ (၄) နာရီမှာ လမ်းဘေးအသင့်စောင့်နေတဲ့ ကရင်တပ်မဟာ (၂) တပ်ဖွဲ့တဖွဲ့က ထပ်မံတိုက်ခိုက်လိုက်လို့ ကားတစီးပေါ်ပါလာတဲ့ လက်နက်ကြီးကျည်တွေ ပေါက်ကွဲပြီး နောက်ထပ် နအဖစစ်သား အယောက် (၂၀) ကျော် တပ်မမှူးနောက် သံယောဇဉ်ကြီးစွာ လိုက်သွားကြပါတယ်။

မေ (၁၁) ရက် အသုဘအတွက် ရှေ့ပြေးအတိတ်နိမိတ်အဖြစ် ကရင်တပ်မဟာ (၂) ဟာ ဧပြီ (၃၀) ရက်မှာ ကမ္ဘာလှည့် ခရီးသည်တွေအတွက် အပန်းဖြေ တောင်စခန်းမြို့လုပ်ဖို့ စီမံကိန်းချပြီး သံတောင်မြို့ကို ဇွတ်အတင်း နာမည်ပြောင်းထား တဲ့ (နယ်ချဲ့ဘုရင်ကို ဂုဏ်ပြုပြီး နာမည်ပေးထားတဲ့) ဘုရင့်နောင်မြို့က နအဖ ပင်မအလံတိုင်ကြီးကို ဖောက်ခွဲဖျက်ဆီး ရိုက်ချိုးပြီး သတိပေးခဲ့ပြီးဖြစ်ပါတယ်။ ဘုရင့်နောင်တပ်မြို့နဲ့ ကြပ်ပြေးမြို့တော်က War Office ဆက်သွယ်ထားတဲ့ စစ်သုံး မြေအောက်ဖိုင်ဘာအော့ပ်တစ် ဆက်သွယ်ရေးလိုင်းကိုလည်း ဧပြီ (၂၄) ရက်ကတည်းက ဖောက်ခွဲဖြတ်တောက် ပြီး ဖြစ်ပါတယ်။

ကရင်ပြည်နယ် တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်တွေဟာ ဗမာပြည်အတွင်းပိုင်းအကျဆုံး ကရင့်တော်လှန်ရေး နယ်မြေတွေ ဖြစ်ပါတယ်။ ထိုင်းနယ်စပ်နဲ့ အဝေးကြီးဖြစ်ရုံမက တောင်ငူခရိုင်ဆိုရင် နအဖရဲ့ ကြပ်ပြေးမြို့တော်သစ်ကြီးနဲ့ ကီလိုမီတာ (၇၀) လောက်ပဲဝေးပြီး မြောက်ဖျားပိုင်း ဘို့မ၊ တောင်မြင့်ဂွင်ဆိုရင် ကြပ်ပြေးကို နေ့ချင်းပြန် လမ်းလျှောက် သွားလို့ရတဲ့ ခရီးဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နအဖဟာ ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်နဲ့ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) ကို ချေမှုန်းနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတာဖြစ်ပါ တယ်။ တော်လှန်ရေးတပ်ကို ချေမှုန်းဖို့လုံးပမ်းရာမှာ ထုံးစံအတိုင်း နအဖရဲ့ ဟစ်တလာအတွေးအခေါ် ပုစွန်ဦးနှောက်နဲ့ အညီ တော်လှန်ရေးရဲ့ရေခံမြေခံ ကရင်လူထုကိုပါ တဆက်တည်း လူမျိုးတုံး ချေမှုန်းစစ်ဆင်နေပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့မှာ နောက်တန်းအခြေစိုက်ထားတဲ့ စကခ-၅ ဟာ အထက်ပါတာဝန်တွေကို လက်ရှိ ယူထားတဲ့ နအဖ ပါးကွက်သားတပ်ဖြစ်ပါတယ်။ ကရင်ပြည်နယ် သံတောင်မြို့နယ်၊ ပဲခူးတိုင်း ထန်းတပင်မြို့နယ်နဲ့ ညောင်လေးပင် ခရိုင် မုံးမြို့နယ်တွေမှာ ငပွေးဆိုရင် အစိတ်သားတောင် မကျန်အောင် မြေလှန်ရှင်းထုတ်ပစ်မယ်။ ဒါလောက် မိုက်ကန်း တယ်ဆိုတဲ့ ငပွေးတွေကိုမှ တွေ့ချင်တယ်လို့ စိန်ခေါ်ပြီးတက်လာတဲ့ ဗိုလ်ချုပ်ကောင်းမြတ်ရဲ့ ရှေ့ဆောင်ဦးစီးမှုအောက် မှာ ၂၀၀၈ ဒီဇင်ဘာ (၁၂) ရက်မှာ အရက်မူးနေတဲ့ နအဖတပ်ခွဲမှူးတယောက်က သံတောင်မြို့နယ် ကမာဒီဖိုလီရွာသား စောသာဒိုတီ (၁၃) နှစ်ကို ပစ်သတ်ခဲ့တယ်။

၂၀၀၉ ဇန်နဝါရီ (၁၇) ရက်မှာ မုန်းမြို့နယ် အောင်စိုးမိုးရွာသား စောချိုဖြိုးကို တောင်ယာအသွားလမ်းမှာ ပစ်သတ်ခဲ့ တယ်။ ဇန်နဝါရီ (၂၄) ရက်မှာ မုန်းမြို့နယ် စောကိရွာသား စောမူးရ (၂၅) နှစ်ကို ပစ်သတ်ခဲ့တယ်။ ဖေဖော်ဝါရီ (၆) ရက် မှာ မုန်းမြို့နယ် ဆော်မိလုရွာသား စောမောင်ကြာ (၂၃) နှစ် နအဖမိုင်းနင်းမိလို့ ပွဲချင်းပြီး သေသွားတယ်။ (၆) ရက်နေ့ ညမှာပဲ ထန်းတပင်မြို့နယ် တိပ်ပုရွာတပ်စခန်းထိုင် နအဖတပ်က တိပ်ပုရွာထဲကို လက်နက်ကြီးနဲ့ အသားလွတ်ပစ်လို့ ရွာသူမိန်းကလေးတွေဖြစ်တဲ့ နော်ဘွေဖော (၁၈) နှစ်၊ နော်ခိုးခိုး (၁၄) နှစ်နဲ့ မိတဆိုး တနှစ်သမီး နော်ဒေးမူးဆိ၊ အလည်လာတဲ့ ဖလောဘောဒဲရွာသူ နော်ဟဲခလေး (၂၂) နှစ်နဲ့ ဇရပ်ကြီးကလာတဲ့ ဈေးသည် ကိုမြခင် (၃၀) နှစ်တို့ (၅) ယောက် ဒဏ်ရာရသွားတယ်။ ဖေဖော်ဝါရီ (၁၅) ရက်မှာ ဈေးဝယ်လာတဲ့ ရွာသားတွေကိုပစ်လို့ ထန်းတပင်မြို့နယ် ဆောဝါဒဲရွာသား စောပရေဂျီ ဒဏ်ရာရသွားတယ်။ မတ်လ (၂၁) ရက်မှာ ထန်းတပင်မြို့နယ် ကော်သေးဒဲရွာကို နအဖတပ်တွေ ဝင်ရောက်စီးနင်းလို့ ကြောက်လန့်တကြား ထွက်ပြေးတဲ့ ရွာသားတွေကို လိုက်ပစ်တဲ့အခါ ရွာသားစောပိုလို (၃၀) နှစ် သေသွားခဲ့တယ်။

ဗိုလ်ချုပ်ကောင်းမြတ်ဟာ တောင်ငူခရိုင်အတွင်း လှုပ်ရှားစစ်ကြောင်းထွက်ရာမှာဖြစ်စေ၊ ဘူဒိုဇာအပါအဝင် အစိုးရကား၊ စစ်ကားတွေ သွားရာမှာဖြစ်စေ ရွာသားတွေကို မိုင်းရှင်းကိရိယာအဖြစ် ရှေ့ကသွားခိုင်းတာ၊ အရပ်သားကားကို မိုင်းရှင်းကားအဖြစ် ရှေ့ကသွားခိုင်းတာ ထုံးစံဖြစ်စေခဲ့ပါတယ်။ တရုတ်အစိုးရက ရောင်းပေးတဲ့ အဆင့်မြင့် နင်းမိုင်းတွေ ကို မှတ်ပုံမတင်ဘဲ စွန့်လွှတ်မိုင်းအဖြစ် အရမ်းထောင်တာလည်း တောင်ငူခရိုင်မှာ အများဆုံးဖြစ်ပါ တယ်။ တပ်စခန်း ဆောက်၊ လမ်းဖောက်ဖို့ လူထုကို အဓမ္မလုပ်အားပေးခေါ်၊ အိုင်ဒီပီ လို့ခေါ်တဲ့ ရွာပုန်းရွာရှောင် ဒုက္ခသည်တွေကို တွေ့တဲ့နေရာတွေမှာ လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ချ၊ လူထုကားတွေ ချောဆွဲ၊ ရွာသားကွမ်းသီးခြံ၊ ဒူးရင်းခြံ၊ ဖာလာခြံတွေ ဖျက်ဆီး၊ တောင်ပေါ်လူထုတွေ ဆန်၊ ရိက္ခာတွေ ဝယ်စားမရအောင်လည်း သေနတ်နဲ့ပစ်ခတ်ပြီး လမ်းပိတ်တားဆီးခိုင်းတဲ့အထိ လူထုအပေါ်နှိပ်စက်တဲ့ နေရာမှာ၊ မကောင်းမမြတ်ရာမှ နာမည်ကြီးတဲ့ ဗိုလ်မှူးချုပ်ကောင်းမြတ်ဖြစ်ပါတယ်။

ဒီနေရာမှာ နအဖတပ်ရဲ့ နောက်ဆုံးအခြေအနေကို ဆန်းစစ်ကြည့်တော့ အခုလိုတွေ့ရပါတယ်။ ကရင်ပြည်နယ် တပ်မဟာ (၇) ခု၊ ခရိုင် (၇) ခရိုင်အတွင်း ဇန်နဝါရီလမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ နအဖတိုက်ပွဲ (၁၀၇) ပွဲဖြစ်ရာမှာ နအဖအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း (၆၄) ယောက်ကျပြီး (၁၂၉) ယောက် ဒဏ်ရာရခဲ့တယ်။ ကရင်ဘက်က (၂) ယောက် ကျခဲ့တယ်။ ဖေဖော်ဝါရီလမှာတော့ တိုက်ပွဲ (၇၆) ပွဲဖြစ်တာ နအဖ (၃၀) သေ၊ (၈၆) ယောက် ဒဏ်ရာရခဲ့တယ်။ မတ်လမှာ (၁၀၆) ပွဲတိုက်၊ နအဖ (၇၃) ယောက်ကျ၊ (၁၂၀) ဒဏ်ရာရတယ်။ ကရင်ဘက်က (၁) ယောက်ကျပြီး (၄) ယောက်ဒဏ်ရာရခဲ့တယ်။

ဒီလထဲမှာ နအဖဆီက လက်နက်မျိုးစုံ (၁၄) လက်ကို တိုက်ပွဲမှာသိမ်းရခဲ့တယ်။ ဧပြီလမှာတော့ တိုက်ပွဲ (၁၀၆) ပွဲ၊ နအဖသေ (၇၀)၊ ဒဏ်ရာ (၁၁၉) ဖြစ်ပြီး ကရင်တပ်က (၄) ယောက်ကျ (၁) ယောက် ဒဏ်ရာရခဲ့တယ်။ (ဝေါ်လေခီးတိုက်ပွဲမှာ ဒီကေဘီအေက သေတာများပြီး နအဖက ဒဏ်ရာများခဲ့တယ်။) ၂၀၀၉ ပထမလေးလပတ်ကို ချုပ်လိုက်ရင် (မပြည့်စုံသေးတဲ့ စာရင်းအရ) တိုက်ပွဲပေါင်း (၃၉၅) ပွဲမှာ နအဖ (၂၃၇) ယောက်ကျပြီး (၄၅၄) ယောက် ဒဏ်ရာရသွားတယ်။ တပ်ရင်း (၆) ရင်းစာ ဖြစ်ပါတယ်။ ကျတဲ့အထဲမှာ နအဖ ဒု-ရင်းမှူး (၂) ယောက်ပါပြီး ဒဏ်ရာရတဲ့အထဲမှာ ရင်းမှူး (၁) ယောက်၊ ဗိုလ်မှူး (၂) ယောက်ပါပါတယ်။

ကောက်ချက်ချကြည့်လိုက်တော့ နအဖတပ်ဟာ ကေအန်ယူတဖွဲ့တည်းနဲ့ တိုက်တာတောင် တလကို တရင်းမက ထိခိုက်သေကျေနေတာဖြစ်ပြီး သောင်းကျန်းသူ-သူပုန်လို့ သူတို့သတ်မှတ်တဲ့ တော်လှန်ရေးသမားတွေကိုတော့ ဘာမှ ထိထိရောက်ရောက် မတိုက်ခိုက် မနှိမ်နင်းနိုင်ဘဲ ရွာမီးရှို့၊ ရွာသားသတ်၊ ရွာသူမုဒိမ်းကျင့်၊ တောရောမြို့ပါ လူထုကို အမျိုးမျိုးနှိပ်စက် အကြမ်းဓားပြ၊ အေးဓားပြတိုက်တာတွေပဲ လုပ်နေနိုင်တာ တွေ့ရပါတယ်။ ကျန်တဲ့ ကရင်နီ၊ ရှမ်းတို့နဲ့ တိုက်လို့ ခံရတာတွေပါ ပေါင်းလိုက်ရင် လေးလပတ်တပတ်ကို (၂,၀၀၀) လောက် ထိနေပါတယ်။ တပ်ပြေးကလည်း လေးလပတ်တပတ်ကို (၇,၀၀၀) လောက် ရှိနေပါသေးတယ်။ တနှစ်ကို တပ်ရင်း (၆၀) လောက် ပြုတ်နေတဲ့ သဘောပါပဲ။

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်တပန်-ဆောဆားဂွင်မှာလည်း ဘန်းယဉ်အခြေစိုက် နအဖတပ် ခမရ (၄၂၆) စစ်ကြောင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ တပ်ဖွဲ့ငယ်တဖွဲ့က မေလ (၃) ရက်မှာ ချုံခိုတိုက်ခိုက်တဲ့အခါ တယောက်မှမလွတ်ဘဲ ဒု-ရင်းမှူး ဗိုလ်မှူးမျိုးဝင်းထွန်း အပါအဝင် (၁၂) ယောက်စလုံး ကျသွားခဲ့ပါတယ်။ နာမည်ကျော် ပြောက်ကျားခေါင်းဆောင် တိုက်ရည်ခိုက်ရည် ပြည့်ဝသူကြီး ဖရားတန် တာကလယ်ရဲ့ ပအိုဝ်းတော်လှန်ရေးအဖွဲ့ကို ၁၉၉၄ ခုကနေ ၂၀၀၇ ခုအထိ (၁၃) နှစ်ကြာ ငြိမ်းချမ်ရေးလုပ် ဖျက်ဆီးထားခဲ့ပြီးမှ ငယ်သားတချို့က ပြန်တောခို ပြန်တိုက်တာတောင် နအဖတပ် ဒါလောက်ခံရတာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်းတို့ တပ်ချုပ် (၃) ယောက် ရှက်တတ်ရင် လဲသေဖို့ကောင်းပါတယ်။

မေ (၄) ရက်မှာ နအဖတပ်မ (၁၀၁) လက်အောက်ခံ ပခုက္ကူအခြေစိုက် ခလရ (၂၅၆) နောက်တန်းက လက်နက်တိုက် လည်း ဖောက်ခံရပြီး အနည်းဆုံး သေနတ် (၁၅) လက်နဲ့ ကျည်ဆန် (၁၀,၀၀၀) ပါသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် မြန်မာပြည်က နအဖခြေလျင်တပ်ရင်းအားလုံးမှာ အထက်အရာရှိကို ရဲဘော်က ပစ်သတ်တဲ့ဖြစ်စဉ် မဖြစ်ဖူးတဲ့ တပ်ရင်းလည်း မရှိသလောက် ဖြစ်နေပါပြီ။

စိတ်ဓာတ်မပါဘဲ အဓမ္မကောက်ထားတဲ့ စစ်သားတွေ၊ အတင်းဖမ်းခေါ်ထားတဲ့ ကလေးစစ်သားတွေကို အဓိက တိုက်အား အဖြစ် အားကိုးအားထားပြု၊ တပ်တွင်းစားဝတ်နေရေးကို စံမီအောင်မဖြေရှင်းနိုင်တဲ့၊ professional အဆင့်မရှိတဲ့ တပ်က ဒီလိုမျိုးတွေဖြစ်တာ တကယ်တော့ မဆန်းပါဘူး။

အခုအခါမှာ တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ ညောင်လေးပင်တို့မှာရှိတဲ့ နအဖတပ် နောက်တန်းတွေမှာ နအဖစစ်ဗိုလ်တွေကို တော်လှန်ရေးအဖွဲ့တွေ လာလုပ်ကြံမယ်ဆိုပြီး သတင်းတွေထွက်နေလို့ ဗိုလ်ကတော်တွေ သွေးပျက်ချောက်ချားပြီး ဗိုလ်ကြီး၊ ဗိုလ်မှူးတွေ ဘယ်မှာညအိပ်ရမှန်းမသိ ဖြစ်နေပါတယ်။

ဒီကေဘီအေနဲ့ ဗိုလ်ဌေးမောင်တပ်တွေထဲမှာလည်း နာမည်ခံ ကရင်အမျိုးသားရေး ငြိမ်းချမ်းရေးဆိုင်းဘုတ်တောင် လုံးဝပျောက်ပြီး အကြွင်းမဲ့ ကကကြည်းလက်အောက်ခံ နယ်ခြားစောင့်တပ် လုပ်ရတော့မယ့် အခြေအနေကြောင့် ပူညံပွစိ လှုပ်လှုပ်ရွရွဖြစ်ပြီး မိခင်အဖွဲ့အစည်းပြန်လာဖို့ ဆက်သွယ်လာတာ၊ တတိယနိုင်ငံထွက်ဖို့ ဘဲကလော်ဒုက္ခသည် စခန်းကို ဆက်သွယ်လာတာတွေ ဖြစ်နေပါပြီ။

ဒီအဖွဲ့အစည်းတွေတောင် ဒီလောက်ဖြစ်နေရင် ကျနော်တို့ ဝ နဲ့ မဟာမိတ် မိုင်းလား၊ ကိုးကန့်၊ ကေအိုင်အေ၊ အက်စ်အက်စ်အေတို့ဆို ပြောစရာမလိုတော့ပါဘူး။

မှတ်ချက် - တိုက်ပွဲ ထိခိုက်ဒဏ်ရာရ၊ ကျဆုံးသူများနှင့် လူအခွင့်အရေးချိုးဖောက်မှု စာရင်းများသည် ကေအန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေထံမှ ရရှိချက်များဖြစ်သည်။

ခေတ်ပြိုင်မှကူးယူဖော်ပြသည်။

0 comments:

Post a Comment