ကရင်လူမျိုးများ၏ ဘိုးဘေးများသည် သရာ(ဆရာ)စောအောင်လှရေးသော The Karen History ကရင့်ရာဇ၀င် သမိုင်းအရ ဘီစီ ၂၂၃၄-ခုနှစ်တွင် ဘာဘုလုန်( Babylon) မှ ထွက်လာကြပါသည်ဟု ဆိုပါသည်။
အများလက်ခံထားသည့် တူညီချက်တစ်ချက်မှာ ထီးဆဲ့မဲ့ယွား (ရေထိုးသဲစီး) ဒေသမှ လာကြသည်ပင် ဖြစ်ပါသည်။ဘိုးဘေးတွေက သား၊မြေး၊မြစ်တွေကို တစ်ဆင့်ပြောပြချက်အရ အတည်ပြုထားခြင်း ဖြစ်ပါသည်။
အများလက်ခံထားသည့် နောက်အချက်တစ်ချက်မှာ ကရင်လူမျိုးများ မြန်မာပြည်ထဲသို့ နောက်ဆုံး ၀င်ရောက်လာကြသော ခုနှစ်သက္ကရာဇ်မှာ ဘီစီ ၇၃၉ -ခုနှစ်ဟု သတ်မှတ်ထားကြပါသည်။ဒါကြောင့် စထွက်လာကြသောအချိန်မှ မြန်မာပြည်ထဲသို့ နောက်ဆုံးဝင်ရောက်လာကြသည့်အချိန်သည် နှစ်ပေါင်း ၁၄၉၅-နှစ်(၂၂၃၄-၇၃၉ =၁၄၉၅ -ခုနှစ်)ဖြစ်ပါသည်။တစ်ခါ ယခုအင်္ဂလိပ်ပြက္ခဒိန် ဂရီးဂေးရီယန်ကလင်ဒါ (Gregarian calendar)ပြက္ခဒိန်နှစ်သည် အေဒီ ၂၀၀၈-ဖြစ်၍ ခရစ်တော်မပေါ်မီ ၇၃၉-ခုနှစ်နှင့် ခရစ်တော်အသေခံပြီး ၂၀၀၈-နှစ်တို့ပေါင်းလျှင် မြန်မာပြည်ထဲ ၀င်ရောက်ပြီးနှစ်မှာ ၂၇၄၇-ခုနှစ် ကျော်လာပြီးဖြစ်သည်။
ဆိုလိုသည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၄၀၀၀)ကျော် (၅၀၀၀)က ထီးဆဲ့မဲ့ယွာမှ ထွက်လာသည့် အချိန်မဆိုထားနှင့် မြန်မာပြည်ထဲရောက်ချိန် နှစ်ပေါင်း(၂၀၀၀)ကျော် (၃၀၀၀)နီးပါးရှိလင့်ကစား ကရင်ဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးစံ၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှုများ၊ မပျောက်အပျက်ဘဲ ယခုအထိရှိနေခြင်းသည် အဘယ်ကြောင့်နည်း။
ဘိုးဘေးများသည် လူမျိုးကိုချစ်သောစိတ်ကြောင့် တစ်စုတစ်စည်းထဲ စည်းစည်းလုံးလုံး နေကြပြီး ၄င်းတို့ဘာသာစကား ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယဉ်ထုံးဖွဲ့မှု၊ ဓလေ့ထုံးစံများကို ချစ်မြတ်နိုးစွာဖြင့် တန်ဖိုးထား ထိန်းသိမ်းစောင့်လျှောက်၊ လက်ဆင့်ကမ်းပေးကြလို့ ယနေ့ထိတိုင် ကရင်ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ထုံးစံများ ဆက်လက်တည်ရှိနေခြင်းပဲ ဖြစ်ပါသည်။ရှေးဘိုးဘေးများသည် ၄င်းတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားကြသူများ ဖြစ်ကြပါသည်။
ယခုခေတ်တွင် ကမ္ဘာတစ်ဝှမ်း ခေတ်များ စနစ်ပြောင်းလဲလာပြီး အသိပညာ၊ အတတ်ပညာများ တိုးတက်လာသည်နှင့်အမျှ ကရင်လူမျိုးများသည်လည်း ခေတ်ရေစီးကြောင်းနှင့်အတူနောက်ကျ မကျန်ရစ်ခဲ့ရလေအောင် ကြိုးစားရုန်းကန်လှုပ်ရှားရင်း တစ်နေ၀င်တစ်နေထွက် ၊ မိုးလင်းမိုးချုပ်အထိ မိမိဘာသာစကားပြောဆိုရန် အကြောင်းမရှိပဲ ဖြစ်နေကြပါသည်။ကလေးလူငယ်ကျောင်းသားများ၊ အလုပ်လုပ်ကိုင်သူများအားလုံး မြန်မာစကားသာလျှင် သုံးနှုန်းပြောဆိုသည့်အတွက် မိမိနေအိမ်ရောက်သောအခါတွင်လည်း မိမိဘာသာစကားကို မပြောဆိုကြတော့ပါ။
ခရစ်ယာန်ဘုရားကျောင်းများတွင်လည်း ကရင်စကားနားမလည်သူများကို ငဲ့ပြီး တစ်လတစ်ကြိမ် မြန်မာလို တရားဟောရာမှ တစ်လနှစ်ကြိမ် တစ်လသုံးကြိမ်ကနေ ကရင်လို တစ်လတစ်ကြိမ် ဟောပြောသောအနေအထားသို့ ရောက်ရှိနေပြီးအချို့ ကရင်ဘုရားကျောင်းများ မြန်မာလိုသာ ဟောပြောနေသည့် အနေအထားသို့ ရောက်ရှိသွားပြီုးဖြစ်ပါသည်။ စကော ကရင်ဘုရားကျောင်းတွင်သာမက ပိုးဘုရားကျောင်းများမှာလည်း မြန်မာလို ဟောပြောနေကြတော့သည်။ အဘယ့်ကြောင့်ဆိုသော် ကရင်လိုတရားဟောလျှင် နားမလည်သူများသောကြောင့်ဖြစ်ပါသည်။
တစ်ခါက ကရင်ရွာကြီးတစ်ရွာတွင် ကျွန်တော်တရားဒေသနာတော် ဝေငှတိုက်တွန်းနှိုးဆော်မှု အချိန်ယူခွင့်ရခဲ့ပါသည်။ ကျွန်တော်စကောကရင်လို ဟောပြောနေချိန်တွင် တရားဟောဆရာမှ အချို့အသင်းသားများ ကရင်စကားနားမလည်ကြသဖြင့် မြန်မာလို အစအဆုံးဘာသာပြန်ပြောကြားရပါသည်။ တစ်ကြိမ်တွင်လည်း ကျွန်တော် ညောင်တုန်းဘက်တွင် အသက်(၃၀)ကျော်(၄၀) ခန့် လူလတ်ပိုင်းနှစ်ဦးနှင့် တွေ့ပါသည်။အသားအရောင်ဖြူသဖြင့် ကရင်အမျိုးသားတွေလားဟု မေးမိပါသည်။ ၄င်းတို့မှာ အဘိုးအဘွား၊ အမေ အဖေ ကရင်များဖြစ်ကြောင်း ၄င်းတို့လည်း ကရင်စကားမပြောတတ်၊ မပြောကြကြောင်း၊ မိမိတို့လည်း ကရင်စကားလုံးဝ မတတ်ပါကြောင်း၊ မိမိတို့ကိုယ် မိမိ ကရင်ဟုခံယူထားသော်လည်း ကရင်စကားမတတ်သဖြင့် လုပ်ကရင်များ ဖြစ်နေပါသည်ဟု ကျွန်တော်အား ပြန်လည်ပြောပြပါသည်။ ကျွန်တော့်မှာ ဖြစ်နေသည့် အခြေအနေအပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ သားသမီးများ ကရင်စကားတတ်မြောက်ရန်အတွက် နွေရာသီ ကရင်စာပေသင်တန်းများ ပြန်ဖွင့်ပေးသင့်ကြောင်း၊ အကူအညီလိုပါက ပြောပါရန် ပြန်လည်ပြောပြရုံသာ ပြောပြနိုင်ပြီး တခြားဘာမှ အကြံမပြုနိုင်တော့ပါ..။ဘာသာစကားနှင့် ယဉ်ကျေးမှု ပျောက်ပျက်လျှင် လူမျိုးပါ ပျောက်သွားပါသည်ဟု အဆိုရှိပါသည်။
၂၀၀၂-ခုနှစ်၊ သြဂုတ်လ (၁၂) ရက်ထုတ် Newsweek စာစောင်တွင် ယခုအခါ ကမ္ဘာပေါ်ရှိ ဘာသာစကားပေါင်း(၆၀၀၀) အနက် တစ်ဝက်ခန့် အနှစ်တစ်ရာအတွင်း တိမ်ကောပျောက်ကွယ်သွားမည်။ လက်ရှိတွင် နှစ်စဉ် ဘာသာစကားပေါင်း(၂၅)မျိုး တိမ်ကောပပျောက်နေသည်ဟု ဆိုပါသည်။ တစ်ဖန် ၂၀၀၂-ခုနှစ် ဇွန်လ(၂၄) ရက်ထုတ် Time Magazine တွင်လည်း ၂၀၅၀-ခုနှစ်တွင် ယခုရှိနေသည့် ဘာသာစကားအနက် တစ်ဝက်သာ ကျန်တော့မည်ဟု ဆိုပါသည်။
သို့ဖြစ်ပါ၍ နှစ်စဉ်တိမ်ကောပပျောက်နေသည့် ဘာသာစကား(၂၅) မျိုးတွင် မပါရလေအောင် ၂၀၅၀-ခု ရောက်ရှိချိန်တွင် ပပျောက်သွားမည့် ဘာသာစကား (၃၀၀၀)အထဲတွင် ကရင်ဘာသာစကား မပါသွားရလေအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမည်နည်း။ ကျွန်တော်တို့၏ Life of action လုပ်ဆောင်မှုလမ်းကြောင်း ဘယ်လို ရေးဆွဲလုပ်ကိုင်ကြမည်ကို သတ်မှတ်လုပ်ကိုင်ရန် အချိန်ကျရောက်နေပါပြီ။
ဆေးလိပ်သောက်ခြင်းသည် မကောင်းပါဟု ပြောရုံနှင့် မပြီးပါ၊ ဆေးလိပ်ဖြတ်ဖို့ နည်းလမ်းဖော်ထုတ် ရှာဖွေပေးဖို့ရန်လည်း အထူးလိုအပ်ပါသည်။ ယခုကရင်လူမျိုးအား ခွဲခြမ်းစိတ်ဖြာကြည့်လျှင် လေးမျိုးလေးစား ရှိပါသည်။
၁။ တစ်မျိုးတစ်စားမှာ စကားနားလည်၊ စကားပြောတတ်၊ ရေးတတ်ဖတ်တတ်သည်။
၂။တစ်မျိုးတစ်စားမှာ စကားနားလည်၊ စကားပြောတတ်၊ မရေးတတ်မဖတ်တတ်ပါ။
၃။ တစ်မျိုးတစ်စားမှာ စကားနားလည် ၊ စကားမပြောတတ်၊ မရေးတတ်၊ မဖတ်တတ်ပါ။
၎။ နောက်ဆုံး တစ်မျိုးတစ်စားမှာ စကားလည်း နားမလည်၊ မပြောတတ်၊ မရေးတတ် မဖတ်တတ်ပါ။
မိမိဘယ်အမျိုးအစားထဲပါသလဲ ၊ ပြန်လည်ဆန်းစစ်ကြည့်နိုင်ပါသည်။ အမှတ်စဉ်(၄) တွင် ပါဝင်ပါက ရှေ့တစ်ပိုဒ်က ဆိုသကဲ့သို့ လုပ်ကရင်များသာလျှင် ဖြစ်ပါလိမ့်မည်။ သို့ပေမယ့်လည်း ကိစ္စမရှိပါ..။ အမှတ်စဉ် ၁.၂.၃ .၄ကို ၄.၃.၂.၁ ဖြစ်ဖို့ရန် ကိုယ်တိုင် ကြိုးစားယူရပါမည်။ မည်ကဲ့သို့ လုပ်ဆောင်မည်နည်း၊ တစ်ဦးတစ်ဖွဲ့လုပ်လျှင် ထိရောက်မှု နည်းမည်ဖြစ်ပါသည်။ ကရင်လူထုတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ပါဝင်ပါမှ မြန်မြန်အကောင်အထည် ပေါ်လာမည်ဖြစ်ပါသည်။ ဒါကြောင့် ကရင်အမျိုးသားတိုင်း တစ်ဦးနှင့် တစ်ဦးတွေ့ဆုံလျှင် ကရင်လိုနှုတ်ခွန်းဆက်ပြီး ကရင်လိုပြောဆိုရာက စသင့်ပါသည်။ မိမိအိမ်တွင်လည်း ကရင်လိုပြောကြရပါမည်။ အခမ်းအနား ပွဲများတွင် ကရင်လိုပြောရပါမည်။ နားမလည်သူများပါလာလျှင် မြန်မာလို တွဲပြောလို့ ရပါသည်။ ခရစ်ယာန်ဘုရားကျောင်းများနှင့်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင်လည်း နွေရာသီ ကရင်စာပေသင်တန်းများ ဖွင့်လှစ်ပေးရပါမည်။ ခရစ်ယာန်ဘုရားကျောင်းများတွင် တနင်္ဂနွေနေ့ ဥပုသ်စာဖြေကျောင်း၌ ကရင်ဘာသာစကားပြောပေးရပါမည်။ ကရင်လို မဟောမပြောသည့် အနေအထားမှ တစ်လတစ်ကြိမ် ကရင်လို ဟောပေးမှု ပြန်လည်ပြုလုပ်ပြီး နောက်တစ်လနှစ်ကြိမ်၊ တစ်လသုံးကြိမ်ကနေ အပတ်တိုင်း ကရင်လိုဟောပြောပြီး မြန်မာလို လိုအပ်လျှင် အတိုချုပ်ဟောပြောပေးရမည်ဖြစ်ပါသည်။ ကရင်လူမျိုးအားလုံး ကရင်စကားတတ်မြောက်ရေးသည် ကရင်လူထုတစ်ရပ်လုံးမှ နိုးကြားတက်ကြွစွာဖြင့် အသိစိတ်ဓာတ် အပြည့်အ၀ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ကြရန် အထူးလိုအပ်လှပါသည်။
ကရင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲု့မှု ဓလေ့ထုံးစံများကို လေးစားချစ်ခင် ထိန်းသိမ်းနိုင်ပါမှ ကမ္ဘာတည်သရွေ့ လူမျိုးများတည်ရှိနေမည်ဖြစ်ပါသည်။
ကရင်စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဆင်ယင်ထုံးဖွဲ့မှု ဓလေ့ထုံးစံများ ပျောက်ကွယ်သွားပါလျှင် နောင်တစ်ချိန်တွင် လူမျိုးပါ ပပျောက်သွားမှာကို စိုးရွံ့လှပါသည်။ ထို့ကြောင့်
သိမ်ဖောင်လောင်းလဂင်း၊ ၀ါဖောင့်လောင်းသဂင်း၊
အလဲမွဲပါ နန့်ဆိတ် ပဆခိဆလား၊
သေပိုးလူးတဂေး ၀ါဖိုလူးတဂေး ကညောကလူကဟားမား….။
သစ်ကိုင်းကျိုးသံကြားတိုင်း လိုက်မယောင်နှင့်၊ ၀ါးကွဲသံကြားတိုင်း လိုက်မယောင်လေနှင့်
မိမိတို့ရဲ့ မူရင်းယဉ်ကျေးမှု ဓလေ့နှင့် မျိုးနွယ်များ၊ ပျောက်ကွယ်သွားလိမ့်မည်။
ဟူသော ရှေးကရင်ဘိုးဘွားတို့၏ ဤသို့ ထား လင်္ကာဖြင့် ဆုံးမလမ်းညွန်မှုကို ဂရုပြုအလေးထားရပါမည်။
ကရင်လူမျိုးတိုင်း ကရင်စကားတတ်မြောက်စေရန်နှင့် ကမ္ဘာတည်သရွေ့ ကရင်လူမျိုးတည်ရှိနေစေရန် ရည်ရွယ်လျက်….။
(ဗဒိုစောထွန်းအောင်မြင့်)
0 comments:
Post a Comment