မြန်မာစစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင် အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်မဟာ (၇) မှ တပ်စခန်း ၃ ခုကို သိမ်းပိုက် လိုက်ကြောင်း ကြားသိရသည်။
မြန်မာစစ်အစိုးရနှင့် DKBA ပူးပေါင်းတပ်များက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှ KNLA တပ်မဟာ (၇) ဒေသရှိ တပ်စခန်းများကို ဇွန်လဆန်းပိုင်းမှ စတင်တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၂၁ ကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ တပ်ရင်း ၂၂ နှင့် ၁၀၁ တပ်စခန်းများကို ထပ်မံ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
KNLA တပ်ရင်း ၂၂ နှင့် ၁၀၁ ကို ပူးပေါင်းတပ်များက ယနေ့ နံနက်တွင် သိမ်းပိုက်ခဲ့ပြီး DKBA စစ်သားများက ထိုတပ်ရင်းနေရာများတွင် စောင့်ကျပ်နေကြောင်း၊ တပ်ရင်း၂၁ တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီး၍ နေရာ ယူထားလိုက်ပြီဖြစ်ကြောင်း Free Burma Rangers အဖွဲ့မှ စောဒိုးကအိုးက ဧရာဝတီသို့ပြောသည်။
မြန်မာစစ်အစိုးရတပ်မ (၂၂) လက်အောက်ခံတပ်တချို့နှင့် DKBA တပ်ရင်း ၉၉၉ ၊ ၅၅၅ ၊ ၃၃၃ တပ်ဖွဲ့ဝင်များ သည် KNLA တပ်မဟာ (၇) ထိန်းချုပ်နယ်မြေရှိ တပ်စခန်းများကို လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လူအင်အားဖြင့်သော်လည်းကောင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယခုကဲ့သို့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူလိုသော စောနေစိုးမြအဖွဲ့မှ ကျန်ရှိသူများကို ထိုင်းနိုင်ငံအခြေစိုက် KNU/ KNLA အဖွဲ့ဝင်များက အင်အားသုံး ဟန့်တား သောကြောင့် အဆိုပါတိုက်ပွဲများ ဖြစ်ပွားရသည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။
“အမှန်တကယ်အားဖြင့် အဆိုပါ တိုက်ခိုက်မှုများမှာ KNU/ KNLA တပ်ဖွဲ့ဝင်များနှင့် DKBA တပ်ဖွဲ့များ အချင်းချင်း တိုက်ခိုက်ခြင်းသားဖြစ်ပြီး အဆိုပါ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် များအနေဖြင့် မည်သို့သောအခန်း ကဏ္ဍကမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိ” ဟု ၎င်း စစ်အစိုးရထုတ် သတင်းစာက ဆိုသည်။
KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ်ကမူ ယခုကဲ့သို့ သတင်းစာတွင် ရေးသားလိုက်ခြင်းသည် မြန်မာစစ်အစိုးရ အနေဖြင့် လိမ်ညာ၍ ၀ါဒဖြန့်ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်။
“နအဖက လိမ်ညာပြီးတော့ ၀ါဒဖြန့်တာပဲ။ သူတို့ (နအဖ) တပ်က မပါဘူးဆိုရင် တပ်ရင်း ၅ ရင်း လောက် ပါတယ်။ သူတို့က နောက်ကနေ လက်နက်ကြီးနဲ့ ၀ိုင်းကူပစ်ပေးနေတယ်”ဟု စောဒေးဗစ်တာကပေါ်က ပြောသည်။
တိုက်ပွဲသတင်းများနှင့် ဆက်စပ်၍ ကရင်တိုင်းရင်းသား ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေရသဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြန်မာစစ် အစိုးရတပ်၏ ထိုးစစ်ဆင်မှုများကို ချက်ချင်း ရပ်ဆိုင်းရန် ဥရောပ သမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ချက် သမ္မတနိုင်ငံက ဇွန်လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်အစိုးရ သတင်းစာက “နိုင်ငံရေးအရ ထိုးနှက်ရန် ဦးတည်ချက်ဖြင့် ထုတ်ပြန်သည့် အီးယူ ဥက္ကဌ၏ ကြေညာချက်အပေါ် များစွာ စိတ်ပျက်မိကြောင်း၊ သောင်းကျန်းသူ အုပ်စုများထံမှ ရရှိသည့် တိကျခိုင်လုံမှုမရှိသော အချက်အလက်များနှင့် ဘက်လိုက်ဖော်ပြသည့် သတင်းများကို အခြေပြုကာ ထုတ်ပြန်ခဲ့သည့်အတွက် မှန်ကန်မှုမရှိသောကြောင့် ပြတ်သားစွာ ပယ်ချလိုက်ကြောင်း” စသည်ဖြင့် ဖော်ပြခဲ့သည်။
ကရင်ပြည် နယ် ထိုးစစ်များ ရပ်စဲရန် တောင်းဆိုသည့် ကြေညာချက်ကို အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်သည့် ဥရောပ သမဂ္ဂကိုယ်စား အလှည့်ကျ ဥက္ကဌက ထုတ်ပြန်ခဲ့သည့်အပေါ် မြန်မာစစ်အစိုးရက ကန့်ကွက်လိုက်ခြင်းဖြစ်သည်။
ဥရောပ သမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်တွင် စစ်ပြေး ဒုက္ခသည်များ ဘေးကင်း လုံခြုံစွာ နေရပ်သို့ ပြန်နိုင်ရေး၊ သက်ဆိုင်သူများ အားလုံး ပါဝင်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို စတင်နိုင်ရေးတို့ကို ဆောင်ရွက်ရန် တိုက်တွန်းထားသည်။
“KNU/ KNLA တပ်ဖွဲ့ဝင်များ၏ အကြွင်းအကျန်များသည် အရပ်သားများ နေထိုင်နိုင်ခြင်း မရှိသည့် မြန်မာ - ထိုင်း နယ်စပ်နေရာတချို့၌ ပုန်းအောင်းနေထိုင်ကြခြင်းဖြစ်ရာ နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေး တိမ်းရှောင်သူများသည် အရပ်သားပြည်သူများမဟုတ်ဘဲ KNU/ KNLA အဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များသာဖြစ်ကြောင်း ထင်ရှားပါသည်” ဟု ၎င်း စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။
စောဒေးဗစ်တာကပေါ်က “ထွက်ပြေးလာတဲ့ရွာသားတွေက တကယ်ရွာသားတွေပါ”ဟု ဆိုသည်။
ပြီးခဲ့သည့် နှစ်ပတ်အတွင်း ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် စုစု ပေါင်း ၆၀၀၀ ကျော် ရှိကြောင်း သိရသည်။ အများစုမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများမှဖြစ်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အတွင်းရှိ မဲ့သဝေါနှင့် မဲ့သလေမြို့နယ်များသို့ ထွက်ပြေးပုန်းရှောင်နေကြရသည်။
တိုက်ပွဲများကြောင့် ထိုင်း - မြန်မာနယ်စပ်တွင်လည်း ထိုင်းစစ်တပ်မှ လုံခြုံရေးများ တင်းကျပ်ထားသည်။ ၎င်း ဒုက္ခသည်များကို ကရင်ဒုက္ခသည်များ ကော်မတီ (KRC) နှင့် ထိုင်း - မြန်မာနယ်စပ် တလျှောက် ကူညီ စောင့် ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) တို့က ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
ကရင်နေ.ထူးနေ.မြတ်များ
![]() |
Category
- ကရင့်သတင်း (57)
- သတင်း (21)
- ကဗျာများ (9)
- ဗွီဒီယို (9)
- KNF(KOREA) (7)
- Gtalk နည်းလမ်းများ (5)
- ကရင့်သမိုင်း (5)
- ကွန်ပျုတာဆော့ဝဲ (5)
- နည်းလမ်းများ (5)
- ကရင့်ပုံပြင် (3)
- Gameများ (2)
- ကရင်အမျိုးသားသီချင်း (2)
- ကရင်နှစ်သစ်ကူးနေ. (2)
- ကွန်ပျုတာနှင့်စာအုပ် (2)
- ဆုတောင်း (2)
- ဖိတ်ကြားစာ (2)
- ကြော်ငြာ (2)
- ပြည်သူအသံ (2)
- ကရင်ရာဇ၀င် (1)
- ကရင်သတင်း (1)
- ကရင်အမျိုးသားအလံတော် (1)
- ကရင့်ရိုးရာ (1)
- ကရင်နှစ်သစ်ကူးနေ. သ၀ဏ်လွှာ (1)
- ကျမ်းမာရေး (1)
- ခံစားချက် (1)
- ချည်ဖြူဖွဲ.မင်္ဂလာပွဲတော် (1)
- ဓာတ်ပုံများ (1)
- ပိုးကရင် ပြဇာတ်များ (1)
- ဖိတ်ကြားလွှာ (1)
- ရိုးရာကရင်ဒုံးယိမ်းအကြောင်း (1)
- လူမူရေး (1)
- သင်ခန်းစာ (1)
-ီDictionaryများ (1)
- စောဘဦးကြီး (1)
- ဆောင်းပါး (1)
- ပေးစာ (1)
Monday, 15 June 2009
KNU တပ်စခန်း ၃ ခု အသိမ်းခံရ
Labels:
ကရင့်သတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment